Sunday, January 25, 2015

လစာတိုးသင့်၊ မတိုးသင့်

လစာတိုးသင့်၊ မတိုးသင့်
(နိုင်ငံတကာလစာနှင့်အညီတိုးပေးသင့်ပါသည်။)

ဒီနေ့ညနေမှာသမ္မတရုံးဝက်ဆိုဒ်မှာဝန်ထမ်းတွေရဲ့လစာတိုးသင့်မတိုးသင့်နဲ့ပါတ်သက်ပြီး
 ပြည်သူတွေရဲ့သဘောထားဆိုပြီး မဲကောက်ခံနေတာတွေ့ရပါတယ်။
ကျမနဲ့ဘ၀တူဝန်ထမ်းညီအကိုမောင်နှမတွေကိုယ်စား ကျမဒီစာကိုရေးခြင်းဖြစ်ပါတယ်။

ဝန်ထမ်းကောင်းမှနိုင်ငံကောင်းပါမယ်။

ဝန်ထမ်းကောင်းများရရှိစေရန်နှင့်ပညာတတ်များပညာရှင်များနိုင်ငံခြားသို့ထွက်ခွာခြင်းမှ
ကင်းဝေးစေရန်နိုင်ငံတကာလစာနှုန်းများနှင့်အညီမက်မောလောက်အောင်တိုးပေးသင့်ပါတယ်။
 နိုင်ငံတကာလစာနှုန်းနဲ့အညီ သို့မတိမ်းမယိမ်းတိုးပေးခြင်း မရှိဘဲ ပြည်ပရောက်ပညာရှင်များ
အမိနိုင်ငံသို့ပြန်လာကြပါဆိုရုံမျှနှင့်တော့ ပြန်လာကြမည်မဟုတ်ပါ။ ပြန်မလာ၍နိုင်ငံချစ်စိတ်မရှိဟူ၍
သတ်မှတ်လို့မရပါ။ လုပ်ခလစာကွာခြားချက်သည် အဆ၂၀၊ ၃၀ကွာခြားသောကြောင့်ဖြစ်ပါသည်။

ထို့အပြင် ၄င်းပညာတတ်များကိုမှီခိုနေသော မိသားစု၊ မိဘ၊ မောင်နှမများအတွက်
လူတန်းစေ့နေနိုင်ရန်နှင့်ဘ၀အာမခံချက်ရရှိစေရန်အချက်များလည်းပါဝင်ပါလိမ့်မည်။
၂% သာရှိတဲ့နိုင်ငံအလုပ်အကျွေးပြုဝန်ထမ်းများကိုတောင်လူတန်းစေ့မထားနိုင်ဘူးဆိုရင်
တနိုင်ငံလုံးတိုးတက်ဖို့ဆိုတာမလွယ်ကူနိုင်ပါဘူး။ ကျမရဲ့အမြင်ကတော့ နိုင်ငံတိုးတက်ရန်
နိုင်ငံ့ဝန်ထမ်းများသည် အပြင်လုပ်ငန်းများတွင်လုပ်နေသောသူများထက်ပို၍အရည်အချင်းရှိသော
သူများဖြစ်သင့်ပါတယ်။ ထိုသို့ဖြစ်စေရန်နိုင်ငံဝန်ထမ်းလစာသည်အပြင်ကုမ္မဏီလစာတဲ့ပို၍
များပြားသော မက်လောက်သောလုပ်ခလစာဖြစ်ရပါမည်။ သို့မှသာအစိုရ၀န်ထမ်းလုပ်ချင်သူပေါများ၍
အရည်အချင်းရှိသူများကိုပိုမိုစီစစ်ရွေးချယ်နိုင်မည်။ အဂတိလိုက်စားသူများကိုလည်း
ပြတ်ပြတ်သားသားအရေးယူနိုင်မည်။ မိသားစုလူတန်းစေ့မပူမပင်နေနိုင်၍အဂတိလိုက်စားခြင်းများ
လျော့နည်းသွားပါလိမ့်မည်။

ဝန်ထမ်းလစာတိုးဖို့ကိုလူထုသဘောထားကောက်ခံနေတဲ့အချိန်မှာ
ကုန်ဈေးနှုန်းတက်သွားလိမ့်မယ်လို့ပြောထားတာရှိတော့ ၉၈%ရဲ့မျက်နှာကိုကြည့်ပါ။
မတိုးပေးပါနဲ့ဆိုတဲ့ comment တွေကိုတွေ့ရပါတယ်။ တကယ်voteကြပြီဟေ့ဆိုရင်
၂%သာရှိတဲ့ကျမတို့ဝန်ထမ်းတွေခံရမှာပါ။ ၀န်ထမ်းကောင်းတွေရဖို့၊ အတတ်ပညာရှင်တွေ
တိုင်းပြည်အတွက်အမှုထမ်းဖို့ဆိုရင် ၀န်ထမ်းလစာဟာရာထူးအဆင့်အလိုက်၊
ပညာအရည်အချင်းအဆင့်လိုက်နိုင်ငံတကာအဆင်မီတိုးကိုတိုးပေရပါမယ်။

ကုန်ဈေးနှုန်းမတက်အောင်ထိန်းချူပ်ရမှာကအစိုးရရဲ့တာဝန်ဖြစ်ပါတယ်။

၂%သာဝန်ထမ်းဘ၀ကိုတောင်တိုးတက်အောင်မလုပ်နိုင်ရင်ပြည်သူလူထုအားလုံးရဲ့
ဘ၀တိုးတက်ဖို့ဆိုတာလုံးဝမလွယ်ကူပါဘူး။


ဝန်ထမ်းတိုင်းဝန်ထမ်းတိုင်းတွင် သူတို့ရဲ့ရုန်းကန်ရသည့် Story လေးတွေရှိပါလိမ့်မည်။
ကျမလည်းကျမရဲ့ Story လေးကိုပြောပြပါရစေ။ ကျမသည် မြန်မာပြည်မှPh.D၊ Germany မှ
Dr of Engineering နှင် Post Doctorate များရရှိခဲ့သော Double Dr ဖြစ်ပြီးဘွဲ့ယူပြီး
ချက်ချင်းပြန်လာပြီးတာဝန်ထမ်းခဲ့ပါသည်။ ဂျာမနီမာစီးဒီး ကား Company ဖောင်ဒေးရှင်းမှ
ပညာတော်သင်ဆုရခဲ့ခြင်းဖြစ်၍ ပညာသင်စဉ်ကာလမှာပင် မိဘများထံသို့တစ်လလျှင်
ဆယ်သိန်းဝန်းကျင်ခန့်၎နှစ်နီးပါးကန်တော့နိုင်ခဲ့ပါသည်။ ဂျာမနီမှDr of Engineering ရပြီးသူဖြစ်၍
 နိုင်ငံခြားတွင်အလုပ်လုပ်မည်ဆိုပါက Dollar 5000အထက်ရမည့်အခွင့်အရေးကိုစွန့်ပယ်ကာ။
 ဒုပါမောက္ခ ရာထူးလစာ ၂သိန်းဖြင့်ပျော်ရွှင်စွာတာဝန်ထမ်းခဲ့ပါသည်။ ဂျာမနီမှအင်ဂျင်နီယာ
ပါရဂူဘွဲ့ရခဲ့၍ ဒုပါမောက္ခရာထူးရခြင်းမဟုတ်ပါ။ ၂၀၀၈လောက်နှစ်ကုန်ပိုင်းလောက်ကအားလုံးနှင့်
တပြေးညီတိုးခဲ့ခြင်းဖြစ်ပါသည်။ ကျမ ၂၀၁၀မှစလို မိဘများကိုကန်တော့နိုင်ခြင်းမရှိတော့သော်လည်း
 မိဘများကကျမကျောင်းသားကျောင်းသူများနှင့်ပျော်ရွှင်နေသည်ကိုကျေနပ်ခဲ့ပါသည်။
ကျမနှင့်ဂျာမနီတွင်တွေ့ဆုံခဲ့သည့်နိုင်ငံတကာမှသူငယ်ချင်းများနှင့်စကားပြောဖြစ်သောအခါ၊
တစ်ချို့က dollar 6000 တစ်ချို့က dollar 8000 စသဖြင့်ပြောဖြစ်ကြတော့ ကျမကိုမေးပါသည်။
 မင်းက Post Doctorate ကော Dr of Engineering ကော ၂ခုတောင်ရသွားတာဆိုတော့ငါတို့ထက်ပိုများမှာပေါ့။
ဘယ်လောက်လဲဆိုတော့ ကျမက dollar 200ဆိုတော့ တစ်နေ့စာလားတဲ့။ ဟုတ်ဘူး တစ်လစာဆိုတော့။
မနောက်ပါနဲ့တဲ့။ ကျမဘယ်လိုပြန်ရှင်းပြရမှန်းမသိခဲ့ပါဘူး။ ဒါပေမဲ့ကျမရဲ့တပည့်တွေကိုကျောင်းစာအပြင်
ဘက်စုံထူးချွန်အောင်ပြုစုပျိုးထောင်ရင်း ပရဟိတတွေအတူလုပ်ရင်းနဲ့ကျမရဲ့ဆရာမဘ၀ကိုအရမ်းဘဲမြတ်နိုးခဲ့ပါတယ်။
 Europe မှာအလုပ်လုပ်တဲ့ သူငယ်ချင်းအကိုအမတွေ ကားတွေ အိမ်တွေနဲ့လူနေမှုအဆင့်တန်းတစ်ခုမြင့်သွားတဲ့အချိန်မှာ
 Congratulation ပါဆိုပြီးမုဒိတာပွားခဲ့ပါတယ်။ တကယ်လည်းဝမ်းသာခဲ့ပါတယ်။
၅နှစ်ဆိုတဲ့ အချိန်မှာလစာအရမ်းကွာတဲ့အတွက်ပိုင်ဆိုင်မှုအများကြီးကွာသွားပါပြီ။
ဒါပေမဲ့ဝမ်းမနည်းခဲ့ပါဘူး။

ပြီးခဲ့တဲ့လက ဖေဖေ ကျောက်ကပ်ရောဂါစဖြစ်နေပြီဆိုတဲ့
ဆေးစစ်ချက်ထွက်လာတဲ့အချိန်မှာကျမအလန့်တကြားသတိထားမိလိုက်တာကတော့
ကျူရှင်လုံးဝမပြဘဲ လစာ၂သိန်းနဲ့ဘဲရပ်တည်ခဲ့တဲ့ကျမပိုပိုလျှံလျှံဘာမှမစုမိခဲ့ဘူးဆိုတာပါဘဲ။
ကျမနားလည်ထားတာကတော့ ကျောက်ကပ်ရောဂါကကျောက်ကပ်ဆေးရပြီဆို
ငွေအရမ်းကုန်ပါတယ်။
ကျမဘ၀မှာကျမတန်ဖိုးအထားဆုံး၊ အချစ်ဆုံးကမိဘနှစ်ပါးပါ။ မိဘလောက်ဘယ်အရာမှ
အရေးမကြီးပါဘူး။
ကျမအလိုချင်ဆုံးဆန္ဒကိုပြောပါဆိုရင်ဖေဖေ၊ မေမေတို့အသက်ရာကျော်ရှည်ဖို့ပါ။
ဖဖေရောဂါကအခုမှအစဆိုပေမဲ့ပိုဆိုးလာရင်ရောဆိုပြီး မောင်လေး ညီမလေးနဲ့တိုင်ပင်ပါတယ်။
ဖေဖေနဲ့ကျမက အိုသွေးပါ အဲဒီတော့ဖေဖေအတွက်ဆိုရင်ကျမကျောက်ကပ်ကိုထုတ်ပေးမယ်လို့
ဆရာဝန်မောင်လေးနဲ့ညီမလေးကိုတိုင်ပင်တဲ့အခါ မမ အဲဒီအတွက်ပိုက်ဆံအများကြီးလိုတယ်တဲ့။
နိုင်ငံခြားမှာခွဲစိတ်မယ်ဆိုဘယ်လောက်ကုန်ကျမလဲ ။ ဒီမှာခွဲမယ်ဆိုရင်ဘယ်လောက်ကုန်မလဲတွက်ချက်လိုက်မိတဲ
အခါကျမ၀မ်းနည်းနာကျင်သွားပါတယ်။ ကျမကျောက်ကပ်တင်မကကျမအသက်ပါပေးနိုင်တယ်ဆိုရင်တောင်
 ပိုက်ဆံကတော့အရေးကြီးတဲ့အခန်းကပါဝင်နေပါတယ်။ နိုင်ငံအပေါ်တာဝန်ကျေဖို့ကြိုးစားရင်းနဲ့
မိဘအပေါ်တာဝန်မကျေတဲ့သမီးတစ်ယောက်ဖြစ်နေပြီလားဆိုတာကိုဝမ်းနည်းစွာနဲ့တွေးမိပါတယ်။

နိုင်ငံတော်သမ္မတကြီးနှင့်အစိုးရလူကြီးမင်းများရှင့်။
ကျမလေးစားစွာဖြင့်တင်ပြအပ်ပါတယ်။
၂%သာရှိတဲ့ကျမတို့နိုင်ငံ့ဝန်ထမ်းတွေကိုတိုင်းပြည်အပေါ်မှာရော မိမိတို့မိသားစုအပေါ်မှာ
ပါတာဝန်ကျေတဲ့ မိသားစုအပေါ်မှာလူတန်းစေ့ထားနိုင်တဲ့  ၀န်ထမ်းကောင်းများဖြစ်ခွင့်ပေးပါလို့
လေးစားစွာတောင်းဆိုအပ်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာဆုမြတ်ရွှေစင်
https://www.facebook.com/DrShwesin


(ခေတ်ပညာတက် ပညာရှင်တစ်ယောက်ရဲ့
ပညာ ကျန်းမာ လစာ မိသားစု ဘ၀အကြောင်းကို ဖော်ကြူထားတာ
အရမ်းကောင်းလို့ post တင်ပြီး share လိုက်တာပါ...)
ရေးသားချက်တွေဟာ ဥပဒေညီညွတ်ပြီး ကျိုးကြောင်းသင့်မြတ်တယ်.

ကျွန်တော်နဲ့ လုံးဝမသိပါဘူး၊ စကားလည်း မပြောဘူးပါဘူး

သို့သော်လည်း ခေတ်ပညာတက်သူတစ်ယောက်ရဲ့ ရင်ဖွင့်စကားသံမှသည်
အခြားသော ပညာရှင်များနည်းတူ ညီမျှတဲ့ အခွင့်အရေးတော့ ရသင့်တယ်
ဝန်ထမ်းတွေက လစာပေါ်မှာမှီခိုနေရတယ်...
လစာဟာ လုံးလောက်မှုမရှိရင် ဘ၀ကိုဘယ်လိုရပ်တည်ရမလဲ

အဆင့်အတန်းတခုရှိတဲ့ လစာလည်း ရသင့်တယ်
ဝန်ထမ်းတွေလည်း ရသင့်တယ် ထင်လို့ တင်ဆက်လိုက်တာပါ...

No comments:

Post a Comment