Friday, July 31, 2015

အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး

အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
=================================================
နေပြည်တော် ဇူလိုင် ၃၀

အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ အစည်း အဝေးကို ယနေ့ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာ စကားပြောကြားသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၆ ရက်မှစတင်၍ တစ်နိုင်ငံ လုံးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အချို့တိုင်းဒေသ ကြီးနှင့် ပြည်နယ် များတွင် ရေကြီး နစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး ကားလမ်း၊ ရထားလမ်းနှင့် တံတားများ၊ စိုက်ခင်းများနှင့် လူနေ အိမ်အချို့ ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့ပါကြောင်း၊ အဆက်မပြတ်မိုးရွာသွန်းလျက် ရှိသဖြင့် နိုင်ငံ နေရာ အနှံ့အပြား တွင် ရေကြီးနစ်မြုပ်မှုများ ဆက်လက်ဖြစ်ပေါ် ပြီး လမ်း၊ တံတားများနှင့် စိုက်ခင်းများ ထပ်မံပျက်စီးခဲ့ပါကြောင်း၊ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းနေချိန်တွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းတစ်ခုဖြစ်လာပါကြောင်း၊

ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုသည် မိမိတို့တစ်နိုင်ငံတည်း ဖြစ်ပွားခြင်း မဟုတ်ဘဲ ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီး တွင်လည်း သဘာဝ ဘေးအန္တရာယ်ကို ကြုံတွေ့ ခံစားနေကြ ရပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကို တာဆီး၍ မရနိုင်သော်လည်း ကြိုတင်ပြင်ဆင် မှုများဖြင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက် သွားနိုင်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုအနေဖြင့် ပြန်ကြားရေး ၀န်ကြီး ဌာနက ပို့ဆောင်ရေး ၀န်ကြီးဌာန မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနနှင့်ပူးပေါင်းပြီး မိုးလေ၀သ သတင်းများကို ရုပ်မြင်သံကြားနှင့် သတင်းစာ များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် သတိပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေး ဒဏ်ခံစားရသူများ အသက်ရှင် ရပ်တည် နိုင်ရန်အတွက် စားသောက်ရေး၊ အ၀တ်အထည်ရရှိရေး၊ တည်းခိုနေထိုင်နိုင်ရေးများကို ဦးစားပေးစီမံဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက် ချိန်တွင် လတ်တလောဆောင်ရွက်ရမည့် အပိုင်းနှင့် အချိန်ယူဆောင်ရွက်ပေးရမည့် အပိုင်းနှစ်ပိုင်းရှိပါကြောင်း၊ လတ်တလော ဆောင်ရွက်ရမည့်အပိုင်းမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်း ဖြစ်ပြီး အစားသောက်နှင့် အ၀တ်အထည် ထောက်ပံ့ပေးခြင်း၊ ပျက်စီး ဆုံးရှုံးသွားသော လယ်ယာမြေများတွင် ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးများရှာဖွေပေးခြင်း၊ ရေကျချိန်၌ ချက်ချင်း စိုက်ပျိုးနိုင်အောင် ထွန်ယက်ပေး ခြင်း၊ စာသင်ကျောင်းများတွင် ပျက်စီးဆုံးရှုံးသွားသည့် စာအုပ်စာစောင်များကို ဖြည့်တင်းပေးခြင်း၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီး ဆုံးရှုံးမှုများကို အမြန်ပြန်လည်တည်ဆောက် ပေးခြင်း များကို ဆက်လက်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ သက်ဆိုင်ရာမြို့နယ်များနှင့် ဆက်သွယ်ပြီး ၀န်ကြီး ဌာန အလိုက် စီစဉ်ဆောင်ရွက်ပေးရမည့် ပျက်စီးဆုံးရှုံးမှုများကို စိစစ်ပြီး အမြန်ဆုံးဆောင် ရွက်ပေးရမည်ဖြစ်ပါကြောင်း။

ပြန်လည်ထူထောင်ရေး လုပ်ငန်းအနေဖြင့် ပျက်စီးခဲ့သည့် ကျောင်းများ၊ လမ်းများနှင့် တံတားများကို ပြင်ဆင်တည်ဆောက်ပေးရမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လုပ်ငန်းများမှာ အချိန်ယူဆောင်ရွက်ရမည် ဖြစ်သော်လည်း လတ်တလောသွားလာရေး အဆင်ပြေမှု ရှိစေရန် ဘေလီ တံတား တည်ဆောက်ပေးခြင်းမျိုးကဲ့သို့ စီမံဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း။

ယခုကဲ့သို့ ရေးဘေးအန္တရာယ်များ ကြုံတွေ့ရချိန်တွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများ အလိုက် အင်တိုက်အားတိုက်ဖြင့် ၀ိုင်းဝန်းပါဝင် ကူညီဆောင်ရွက် ပေးကြရမည်ဖြစ်ပါ ကြောင်း၊ ရေတိုလုပ်ဆောင်ပေးရမည့် လုပ်ငန်းနှင့် ရေရှည်လုပ်ဆောင်ပေးရမည့် လုပ်ငန်းများကို အချိတ်အဆက် မိမိဖြင့် စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနများအလိုက် ရေကြီးနစ်မြုပ်ဒေသများသို့ ကွင်းဆင်း သွားရောက်ပြီး လိုအပ်ချက်များကို ဦးစားပေး အလိုက် စီမံဆောင်ရွက်ပေးသင့်သည်များကို အမြန်ဆုံးဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားသဘာဝ ဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက သဘာဝဘေး ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ အသက်ဆုံးရှုံးမှု မဖြစ်ပွားစေရန်၊ ထိခိုက်ဒဏ်ရာ ရရှိမှုများကို တားဆီး ပေးနိုင် ရန်၊ လူထု၏ အိုးအိမ်ပစ္စည်းဥစ္စာများကို ကာကွယ်ပေးနိုင်ရန်နှင့် သဘာဝ ပတ်ဝန်း ကျင် ကို ထိန်းသိမ်းစောင့်ရှောက်သွားရန်စသည့် ရည်ရွယ်ချက်များဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဗဟိုကော်မတီအနေဖြင့် တိုင်းဒေသကြီးအလိုက် စီမံခန့်ခွဲရေးကော်မတီ များကို ရပ်ကွက်၊ ကျေးရွာအဆင့်အထိဖွဲ့စည်း၍ သဘာဝဘေးကာကွယ်ရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးကာကွယ်ရေး လုပ်ငန်းများ စီမံဆောင်ရွက်ရာတွင် အဆင့် ၄ ဆင့်ဖြစ်သည့် သဘာဝဘေး လျော့ပါးရေး လုပ်ငန်းများ ဆောင် ရွက်ခြင်း (Reduction)၊ ကြိုတင်အသင့်ဖြစ်စေခြင်း (Readiness)၊ တုံ့ပြန်ဆောင်ရွက်ခြင်း (Response)နှင့် ပြန်လည်ထူထောင်ခြင်း (Recovery) ဆိုသည့် အဆင့်များအားလုံးကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြား သည်။

ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ရေကြီးနစ်မြုပ်ရာ ဒေသများတွင် လုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ် မြတ်မြတ်အုန်း ခင်က ရေကြီးနစ်မြုပ်သည့်ဒေသများ တွင် ထောက်ပံ့ပေးမှုနှင့် အရန်ထားရှိ မှုများ၊ အသိပညာပေး ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြ သည်။

ဆက်လက်၍ ဗဟိုကော်မတီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ မင်းပြင် ရေလှောင်တမံနှင့် ကောလင်းမြို့၊ ၀န်းသိုမြို့နယ်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ဇူလိုင် ၁၈ ရက်မှ ၃၀ ရက်အထိ တပ်မတော်လေယာဉ် Y-8 တစ်စီးဖြင့် တစ်ခေါက်၊ MI-17 ရဟတ်ယာဉ် ၃ စီးဖြင့် ၇၀ ခေါက် တို့ဖြင့် ကယ်ဆယ် ရွှေ့ပြောင်းရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း။

ထို့အပြင် တပ်မတော်လေယာဉ် Y-8 တစ်စီးကို မိတ္ထီလာမြို့တွင် လည်းကောင်း၊ MI-17 ရဟတ်ယာဉ် ၃ စီးကို မုံရွာမြို့တွင် တစ်စီးနှင့် ကန့်ဘလူမြို့တွင် ၂ စီး ဖြန့်ခွဲထားရှိပြီး ကယ် ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ထားရှိ ကြောင်း။

ထို့ပြင် ကယ်ဆယ်ရေး၊ ရွှေ့ပြောင်းရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း များကို လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးနိုင် ရန်အတွက် ပလပ်စတစ်တိုက်လှေ (၁၀၀)စီး၊ ယမဟာ (၄၀)ကောင် ပဲ့ချိတ်စက် (၆၆)လုံးနှင့် အသက်ကယ်အကျီင်္ ၄၅၀ထည် တို့ကို တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ဖြန့်ခွဲထားရှိပြီး အရေးပေါ် လိုအပ်မှု ရှိပါက ထပ်မံ ဖြည့်တင်းပေးနိုင်ရန် ပလပ်စတစ်တိုက်လှေ ၄၇ စီးနှင့် ယမဟာ(၄၀)ကောင်ပဲ့ချိတ် စက် ၁၇၆ လုံးတို့ကိုလည်း မင်္ဂလာဒုံတွင် စုဖွဲ့ထားရှိပါကြောင်း။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေတွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ရေကြီးသည့်နေရာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လည်းကောင်း၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေတွင် ရဟတ်ယာဉ် ၃ စီးအား ကန့်ဘလူမြို့၌ ထားရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့်ညှိနှိုင်း၍ ကယ်ဆယ်ရေးပစ္စည်းများပို့ ဆောင် ပေးခြင်းကို လည်းကောင်း၊ ကလေးမြို့နယ်ရှိ ရေကြီး သည့်နေရာများတွင် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လည်းကောင်း ဆောင် ရွက်ပေးလျက် ရှိပါကြောင်း။

သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ထပ်မံဖြစ်ပွားပါက အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေရှိ တိုက်ကြီး၊ ထန်းတပင်နှင့် အဖျောက် မြို့နယ်များအတွက် နည်းဗျူဟာတစ်ခုနှင့် တစ်ရင်း ၃ ရင်းကို ယာဉ်အကြီး ၂၀၊ ဂျွန်ဆင် စက်လှေ ၁၀ စီးတို့ဖြင့် အဖျောက်မြို့တွင် လည်းကောင်း၊ သံလျင်၊ ဒလနှင့် မှော်ဘီ တပ်နယ်များတွင် တပ်နယ်တစ်ခုစီ၌ ယာဉ်အကြီး ၅ စီးစီနှင့် ဂျွန်ဆင်စက်လှေ ၅ စီးစီဖြင့်လည်းကောင်း၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းတွင် မော်တော်ယာဉ် အစီး ၄၀ ကို လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်နယ်မြေရှိ ကွင်းကောက်ဒေသတွင် ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီင်္ ၅၀ထည်၊ ဟင်္သာတမြို့နယ်ရှိ နယ်မြေခံတပ်ရင်းတွင် ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီ ၅၀ ထည်တို့ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ တွင် ပဲခူးမြို့ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီင်္ ၅၀ ထည်၊ ညောင်လေးပင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၅ စီးနှင့် အသက်ကယ်အကျီင်္ ၂၅ ထည်၊ ရွှေကျင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၅ စီးနှင့် အသက်ကယ်အကျီင်္ ၂၅ ထည် တို့ကိုလည်းကောင်း အသင့်ပြင်ဆင် စုဖွဲ့ထားရှိပါ ကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် လယ်ယာစိုက်ပျိုးရေးနှင့်  ဆည်မြောင်း ၀န်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး ၀န်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ရထား ပို့ဆောင်ရေး ၀န်ကြီး ဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများက သဘာဝ ဘေး အန္တရာယ် ကြုံတွေ့ခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကူညီထောက်ပံ့ရေး အတွက် ဆောင်ရွက် ထားရှိမှုနှင့် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထပ်ဆင့်ဖြစ်ပေါ်နိုင်သော အခြေအနေနှင့် ကာကွယ်စောင့်ရှောက်မှု ဆောင်ရွက်မည့် အခြေအနေများ၊ သဘာဝဘေး အန္တရာယ်ခံရသော တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကယ်ဆယ်ရေး၊ ထောက်ပံ့ ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာ ၀န်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
Ref : http://www.president-office.gov.mm/zg/

No comments:

Post a Comment